စာသင်ရခက်တဲ့ချို့ယွင်းချက်ကို ကျော်လွှားပြီး လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ အမျိုးသမီးများ

စာသင်ရခက်တဲ့ချို့ယွင်းချက်ကို ကျော်လွှားပြီး လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ အမျိုးသမီးများ

Dyslexia ဆိုတာဟာ စာလုံးတွေ၊ အက္ခရာတွေ၊ သင်္ကေတတွေကို ဖတ်ဖို့၊မှတ်ဖို့ ခက်ခဲတဲ့ စာသင်ရခက်ခဲတဲ့ ရောဂါတစ်ခုပါ။ ဒီလိုရောဂါမျိုးများ ခံစားခဲ့ရမယ်ဆိုရင် သူသူကိုယ်ကိုယ် စိတ်ဓာတ်ကျပြီး ရေစုန်မျောရင်း နေထိုင်သွားမိမှာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့ဘ၀ကို လှမ်းယူနိုင်ခဲ့တဲ့ ဒီအမျိုးသမီးတွေတော့ မပါဝင်ပါဘူး။

Loretta Young


အော်စကာဆုရှင် မင်းသမီးကြီးဟာ ငယ်စဉ်က စာသင်ရခက်တဲ့ရောဂါကို ခံစားခဲ့ရသူပါ။ ကျောင်းမှာ စာသင်တဲ့အခါ “b” နဲ့ “d”ကို မကွဲပြားတဲ့ မင်းသမီးကြီးဟာ စာမရလို့ဆိုပြီး ကျောင်းမှာအနှိမ်ခံခဲ့ရပါတယ်။ သူ့မိဘတွေကလည်း အမြင်အာရုံများ မကောင်းလို့လားဆိုပြီး မျက်စိတွေဘာတွေ စမ်းသပ်ပေးကြပေမယ့် တကယ်တမ်းမှာ စာသင်ရခက်တဲ့ရောဂါကို ခံစားနေရတာ ဖြစ်နေပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ရုပ်ရှင်သရုပ်ဆောင် စလုပ်ခဲ့ပြီး ရိုက်ကွင်းအတွက် လိုအပ်တဲ့ ဇာတ်ညွှန်းတွေကို မဖတ်နိုင်တဲ့အတွက် မျက်စိထဲမှာ အလွတ်မြင်လာတဲ့အထိ မှတ်ထားတတ်ခဲ့ပါတယ်။ သူမရဲ့ အားလပ်ချိန်တွေမှာ အခြားသော စာဖတ်ရခက်တဲ့ဝေဒနာရှင်တွေအတွက် အသံလှူခဲ့တဲ့ ပထမဆုံးနာမည်ကျော်ဆယ်လီတစ်ယောက်လည်း ဖြစ်ပါတယ်။

Elizabeth Blackburn


ပရော်ဖက်ဆာ အဲလိဇဘက် ဘလက်ဘန်းဟာ တယ်လိုမီယားလို့ခေါ်တဲ့ ခရိုမိုဆုမ်းတွေရဲ့သဘာဝကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပါရဂူတစ်ယောက်ပါ။ တယ်လိုမီယားဆိုတာကတော့ မျိုးဗီဇအချက်အလက်တွေကို ထိန်းသိမ်းပေးတဲ့နေရာမှာ အရေးပါလှတဲ့ ယူကာရီယော့တစ် ခရိုမိုဆုမ်းတွေရဲ့အဆုံးသတ် ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးပညာအတွက် အရေးပါလှတဲ့ ရီဘွန်နျူကလီယိုပရိုတိန်းဆိုတဲ့ အင်ဇိုင်းတစ်မျိုးကိုလည်း အခြားပညာရှင်တစ်ယောက်နဲ့အတူ ပူးတွဲရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြန်ပါတယ်။ ဆေးပညာရပ်နဲ့ နိုဘယ်လ်ဆုရရှိထားတဲ့ သူမဟာ ငယ်စဉ်က စာသင်ရခက်တဲ့ဝေဒနာကို ခံစားခဲ့ရသူပါ။ ငယ်ငယ်က စာသင်ကျောင်းမှာ စာသင်လို့မရလို့ အမြဲတမ်းဒုက္ခရောက်ခဲ့ရပြီး နောက်ကျကျောင်းသားတွေအတွက် အထူးကြီးကြပ်သင်ကြားပေးတဲ့ အတန်းတွေဆီ အပို့ခံခဲ့ရပါတယ်။ သူမဟာ ငယ်စဉ်က သူမကိုယ်သူမ ဥာဏ်ထိုင်းတဲ့လူတစ်ယောက်လို့ ထင်ခဲ့သူပါ။ ဒါပေမယ့်လည်း သူမရဲ့ချို့ယွင်းချက်ကို ကျော်လွှားနိုင်ပြီး လူသားအကျိုးပြု နိုဘယ်လ်ဆုရ ဆေးပညာရှင်ပရော်ဖက်ဆာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

 Keira Knightly


ဟောလိဝုဒ်ရဲ့နာမည်ကျော်မင်းသမီးချော ကီရာနိုက်တလေဟာ ငယ်စဉ်က စာသင်ရခက်တဲ့ဝေဒနာကို ခံစားခဲ့ရဖူးသူပါ။ သို့ပေမဲ့ သူမရဲ့ရောဂါလက္ခဏာတွေကို စောစောစီးစီး သတိထားမိခဲ့တဲ့ မိဘတွေက အထူးကြီးကြပ်ဂရုစိုက်ပြီး ကုသပေးခဲ့တာကြောင့် စာသင်လို့တော့ရခဲ့ပေမဲ့ ယခုလက်ရှိအချိန်အထိ စာဖတ်နှေးသူတစ်ယောက် ဖြစ်နေဆဲပဲလို့ သိရပါတယ်။

Jessica Watson


အကူအညီမယူဘဲ တစ်ယောက်တည်း ကမ္ဘာပတ်ရွက်လွှင့်နိုင်ခဲ့တဲ့ ပထမဆုံးသော ဆယ်ကျော်သက်ရွယ်ကောင်မလေး ဂျက်ဆီကာဝက်ဆန်ဟာ ငယ်စဉ်ကလေးဘ၀က စာသင်ရခက်သူတစ်ယောက်ပါ။ ၁ ကနေ ၁၀ အထိဆုံးအောင် မရွတ်နိုင်ခဲ့တဲ့၊ အက္ခရာတွေကို အလွတ်မကျက်နိုင်တဲ့ ကောင်မလေးဟာ စာသင်ခန်းထဲက တစ်ဦးတည်းသော စာသင်လို့မရတဲ့ ကလေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စာမဖတ်နိုင်တဲ့သမီးလေးကို နေ့စဉ်စာဖတ်ပြတဲ့ အမေရဲ့ကျေးဇူးကြောင့် တစ်ယောက်တည်း ကမ္ဘာပတ်ပြီး ရွက်လွှင့်နိုင်တဲ့ သတ္တိခဲဆယ်ကျော်သက်ကောင်မလေး ဖြစ်လာခဲ့ပါတယ်။

Carol Greider


ဒေါက်တာ ကယ်ရိုလ်ဂရိဒါးဟာ ၂၀၀၉ခုနှစ်အတွက် ဆေးသိပ္ပံပညာ နိုဘယ်လ်ဆုရှင် အမျိုးသမီး(၃)ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်နေရတဲ့အတွက် သူမဘ၀မှာ အတားအဆီးတစ်ခု ဖြစ်နေတယ်လို့ မမှတ်ယူတဲ့ ပါရမီရှင်အမျိုးသမီးဟာ သူမရဲ့ငယ်စဉ်ဘ၀က စာသင်ရခက်တဲ့ဝေဒနာကတော့ သူမရဲ့ဘ၀ကို အကြိမ်ကြိမ် တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အတန်းထဲမှာနောက်ဆုံးအဆင့် ရရုံသာမက တစ်ယောက်တည်း ခွဲထုတ်ပြီး သင်ခံရတာမျိုးတွေလည်း ကြုံခဲ့ရသလို ကျောင်းဝင်ခွင့်လျှောက်တဲ့အခါမှာလည်း အတော်လေး အခက်အခဲတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမကို ညံ့လွန်းတယ်ဆိုပြီး တစ်ယောက်တည်း ခွဲထုတ်သင်ခဲ့တဲ့ ဆရာတွေကတော့ တစ်နေ့မှာ နိုဘယ်လ်ဆုဆွတ်ခူးနိုင်တဲ့ ဆေးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်ရယ်လို့ တွေးမိမှာတောင် မဟုတ်ခဲ့ပါဘူး။

ပြီးပြည့်စုံတဲ့ အခြေအနေရှိမှ အောင်မြင်နိုင်မယ်ဆိုရင် ဒီကမ္ဘာလောကမှာ ကျဆုံးနေတဲ့လူတွေချည်းပဲ စုပြုံနေပါလိမ့်မယ်။ ဒါကြောင့် သင်လည်း ဘ၀မှာ တစ်ခုခုချို့ယွင်းချက်ရှိနေခဲ့မယ်ဆိုရင် အရှုံးမပေးဘဲ သင့်ရင်ထဲက အောင်မြင်မှုမီးတောက်လေးကို ထွန်းညှိလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

Ref source: dyslexia.com.au

Comments

Popular posts from this blog

ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့ မော်ဒယ်များ

ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင် ပြုလုပ်

လူပြောများနေတဲ့ မာစတာရှပ်ဖ်ဒိုင်လူကြီး ဦးရဲထွဋ်ဝင်း အကြောင်း